အရောင်တွေက လူတွေရဲ့ စိတ်ခံစားချက်အပေါ် သက်ရောက်သလား
အရောင်တွေဟာ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို ပြောင်းလဲနိုင်သော အရာတစ်ခုလို့ဆိုနိုင်ပါတယ်။ အရောင်တွေဟာ စိတ်အခြေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်လုပ်ဆောင်ချက်တွေကို လွှမ်းမိုးနိုင်သလို လှုပ်ရှားမှုအပြုအမူတွေအတွက် အချက်ပြသင်္ကေတလိုလည်း စွမ်းဆောင်ပေးနိုင်ပါသတဲ့။ အချို့အရောင်များဆိုလျှင် သွေးပေါင်ချိန်တက်စေခြင်း၊ ခန္ဓာကိုယ်တွင်း ဓာတ်ပြောင်းလဲဖွဲ့စည်းခြင်းများကို မြင့်စေခြင်း၊ မျက်စိအားစိုက်မှု မြင့်စေခြင်း စသည့်ဖြင့် သက်ရောက်မှုရှိပါသတဲ့။
ဘာကြောင့် အရောင်တွေက လူတို့ရဲ့ဘဝမှာ အစွမ်းရှိသော အင်အားတစ်ခုလို ဖြစ်နေရတာပါလဲ၊ လူတွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ဘယ်လိုစိုးမိုးသက်ရောက်စေတာလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ အရောင်တွေအပေါ် သိမြင်နားလည် ခံစားခြင်းဟာ မိမိတို့ရဲ့ အသိစိတ်အတွင်းမှာဖြစ်ပေါ်လာတယ်ဆိုပေမဲ့ တစ်ရောင်ချင်းမှာ အားလုံးနဲ့ဆိုင်သော ယေဘုယျအနက်အဓိပ္ပာယ် ရှိနေတတ်ပြီး ဒီအချက်ကပဲ လူတွေရဲ့စိတ်ကို သက်ရောက်စေတာ ဖြစ်နိုင်ပါတယ်။
အနီဘက်ရောက်သော အရောင်များ (အနီ၊ လိမ္မော်၊ အဝါ) သည် နွေးထွေးပူပြင်းသော အဓိပ္ပာယ်ဆောင်ကာ ရန်လိုခြင်း၊ ဒေါသထွက်ခြင်း၊ နွေးထွေးခြင်းစတဲ့ စိတ်ခံစားချက်တွေကို လူတို့အား ပေးစွမ်းပါတယ်။
အပြာဘက်ရောက်သော၊ အေးချမ်းသော အရောင်များ ( အပြာ၊ ခရမ်း၊ အစိမ်း) ကတော့ စိတ်တည်ငြိမ်စေသလို မတူကွဲပြားခြင်း၊
ဝမ်းနည်းခြင်းစတဲ့ စိတ်ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။
ရှေးခေတ် အီဂျစ်ပြည်နဲ့ တရုတ်ပြည်တို့မှာ Chromotherapy လို့ခေါ်တဲ့ အရောင်အခြေခံကုထုံးများကို ကျင့်သုံးခဲ့ကြပြီး ယနေ့ခေတ် စိတ်ရောဂါကုထုံးများမှာလည်း အရောင်တွေကို ရွေးချယ်ရေးဆွဲခိုင်းကာ ကုသခံသူရဲ့ စိတ်အခြေအနေကို လေ့လာဆန်းစစ် အကဲခတ်ခြင်းမှာ သုံးနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် အရောင်တို့၏ လူတို့ရဲ့ စိတ်ကိုလွှမ်းမိုးနိုင်မှုကို အသုံးချပြီး ဆေးဝါးအရောင်များတွင် နွေးထွေးသောအရောင်များကို သုံးကာ သောက်ချင့်စဖွယ်ဖြစ်ပေါ်အောင် ဆွဲဆောင်လေ့ရှိကြပါတယ်။ လမ်းမီးများတွင် အပြာရောင်ကို အသုံးပြုခြင်းက ရာဇဝတ်မှုများကို လျှော့ချပေးနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရဆိုရင် အပြာရောင်က ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးပေးတယ်လို့ ဆိုပါတယ်။ စိတ်ရော လူရော ကျန်းမာလန်းဆန်းနေစေဖို့ အပြာရောင်က ကူညီနိုင်ပါတယ်။ အနီရောင်သည် လျှင်မြန်သော အရှိန်၊ ကြီးမားသော အားကို ကိုယ်စားပြုသည့်အတွက် အားကစားလှုပ်ရှားမှုများတွင် များစွာအသုံးပြုတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
အရောင်တွေဟာ လူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းမှာလည်း သက်ရောက်မှုရှိတယ်လို့ လေ့လာချက်အချို့ကဆိုပြန်ပါတယ်။ စာမေးပွဲမဖြေခင် အနီရောင်ကို မြင်လိုက်ရခြင်းက စာမေးပွဲဖြေဆိုရာမှာ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ အနီရောင်သည် စိတ်လှုပ်ရှားခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ နှိုးဆွခြင်းများကို ခံစားရစေနိုင်လို့ပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အနီရောင်ဝတ်တဲ့ ယောင်္ကျားတွေအပေါ် လိင်စိတ်ပိုပြီး တိမ်းညွှတ်တတ်ပါတယ်။ သူတို့ မျက်လုံးထဲမှာ ဒီအရောင်က လိင်ဆွဲဆောင်မှုတစ်မျိုးပါ။ အမျိုးသားတွေလည်း ဒီအတိုင်းပါပဲ။ “Lady in red” က သူတို့ အနှစ်သက်ဆုံးဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ထူးခြားတာက ဘယ်အရောင်ကမှ လူတွေကို နှစ်လိုဖွယ်၊ ချစ်ခင်ဖွယ်ဖြစ်လာအောင် မလုပ်နိုင်ပါဘူး။
အစိမ်းက အပြုသဘောတွေးမိအောင် ကူညီတတ်ပါတယ်။ နောက်ပြီး စိတ်ညစ်စရာအတွေးတွေကို လျော့ပါးစေပါတယ်။ ပန်းရောင်ကလည်း ဒီအတိုင်းပါပဲ။ အနီရောင်ကတော့ ဒီနှစ်ခုလုံးနဲ့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် ကျရှုံးမှုနဲ့ အန္တရာယ်သဘောကို ဆောင်ပါတယ်။ သင်ပင်ပန်းနေရင် အစိမ်းရောင်ရှုခင်းမျိုး၊ အစိမ်းရောင်ရှိတဲ့ အရာတစ်ခုခုစတာတွေကို ကြည့်ပြီး အားပြန်ဖြည့်လို့ရပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်မယ့်သူတွေ အစိမ်းရောင်ကို ကြည့်ဖို့လိုအပ်တာပါ။ စိတ်ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။
ပတ်ဝန်းကျင်မှာ နေ့စဉ် မြင်နေတွေ့နေရတဲ့ အရောင်တွေဟာ စိတ်အာရုံခံစားမှု၊ ဆုံးဖြတ်နိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းတွေမှာ အတိုင်းအတာတစ်ခုအထိ သက်ရောက်တယ်ဆိုပေမဲ့ အရောင်နဲ့ ပတ်သက်တဲ့ လူတွေရဲ့ စိတ်ခံစားမှုကို လွှမ်းမိုးခြင်းအကြောင်း၊ စိတ်ပညာရပ်ကိုတော့ ပိုနားလည်သိရှိအောင် လေ့လာမှုတွေ ပြုလုပ်ဖို့တော့ လိုပါသေးတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်